တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့်ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနား ကျင်းပ

မော်လမြိုင် ဇွန် ၁၃

တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းရွာကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်းသားလူမျိူးများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက တိုင်းရင်းသားလူမျိုးများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနည်းဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ တာဝန်နှင့်ဝတ္တရားများ ဥပဒေပါတားမြစ်ချက်များကို သိရှိစေရန် တိုင်းရင်းသားစာပေသင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးများ၏အမည်ရှေ့တွင် ဝိသေသရှေ့ဆောင်စကားလုံးများ ပါဝင်ရေးသွင်းနိုင်ရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စသောအကြောင်းအရာများအား အသိပညာမျှဝေပေးရန်နှင့် ဒေသနှင့်ကိုက်ညီမည့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူမည့် အခမ်းအနားဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဟောပြောပွဲနှင့် စစ်တမ်းကောက်ယူခြင်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ မွန်ပြည်နယ်ရှိ မြို့နယ်(၁၀)မြို့နယ်တွင် (၁၁)ကြိမ် တိုင်တိုင် ကျင်းပပြီးစီးခဲ့ပြီး ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် (၁၂) ကြိမ်မြောက်အဖြစ် မော်လမြိုင်မြို့နယ်ရှိ မင်းရွာကျေးရွာတွင် စစ်တမ်းကောက်ယူမှာဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများအနေဖြင့် စစ်တမ်းမေးခွန်းလွှာတွင် ပါဝင်သည့် အချက်အလက်များမှ မိမိဒေသအတွက် အမှန်တကယ်ကိုက်ညီသည့် အချက်အလက်များကို သေသေချာချာ စဉ်းစားပြီး ဖြေဆိုပေးစေလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လေးလေးနွယ်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးမို့မို့က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့်နည်းဥပဒေများပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်မမမျိုးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအကြောင်းနှင့် တိုင်းရင်းသားဘာသာသင် နေ့စားလပေးဆရာ/ဆရာမ ခန့်ထားခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေးက နိုင်ငံသားအခွင့်အရေးဆိုင်ရာ၊ တိုင်းရင်းသားတို့၏ ဝိသေသရှေ့ဆောင်စကားလုံးများကို ကျောင်းအမည်စာရင်းတွင် ရေးသွင်းနိုင်ရေးဆိုင်ရာ အသိပညာပေးခြင်းအားလည်းကောင်း၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးခိုင်ကျော်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းအားလည်းကောင်းလူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက အမျိုးသမီး၊ မသန်စွမ်း၊ ကလေးသူငယ်အခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းအားလည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြသည်။

ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက အသိပညာဟောပြော​ပေးကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတိုင်းရင်းသားများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက စစ်တမ်းကောက်ယူရသည့် ရည်ရွယ်ချက်နှင့် စစ်တမ်းဖြည့်စွက်ရမည့် နမူနာပုံစံအားရှင်းလင်းပြောကြား၍ စစ်တမ်းကောက်ယူခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)