ကျိုင်းတောင်းမြို့ ဇွန်လ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းလွန် ကျောင်း(ကွန်မုံ)သို့ သွားရောက်၍ ကျောင်းသားကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁နာရီ အချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟေားပြေားပွဲကိုကွင်းဆင်း၍ ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများ၊ လူကုန်ကူးခံရလျှင်ကြုံတွေ့နိုင်မည် အန္တာရာယ်များ၊ လူကုန်ကူးမခံရစေရန် သတိထားသင့်သည့် အကြောင်းအရာများ၊ မူးယစ်ဆေးဝါးဆိုင်ရာအကြောင်းအရာများနှင့် စာပေဖတ်မှတ်လေ့လာမှုအကြောင်းအရာများကို ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန်ဟောပြော ဆွေးနွေးခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များနှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသားကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ကိုကို (ပြန်/ဆက်)