ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို ဇွန် ၁၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre)၌ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူး ဦး‌မောင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတဆင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Book Club စာပေချစ်သူများအသင်းမှအဖွဲ့ဝင်များ က အဆိုပါစာအုပ်မှ ရှားလော့ဟုမ်းလည်းမှားတာပဲ၊ ရှက်စိတ်၊ ကြောက်စိတ်နဲ့အောင်စိတ်၊ လူငယ်နှင့်စူးစမ်းလေ့လာမှုများ၊ လူငယ်နှင့်အောင်မြင်ခြင်း၊ ယုံကြည်စိတ်ချမှုနဲ့ ဘဝအမြင်စသည့် ခေါင်းစဉ်များကို ကဏ္ဍအလိုက်အသီးသီးဖတ်ကြားဆွေးနွေးရာ တက်‌ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် စာပေကိုစိတ်ဝင်စားမှုရှိလာစေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန်ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)