သထုံမြို့၊ မရမ်းချောင် အခြေခံပညာမူလတန်းလွန်ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

သထုံ ဇွန် ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ မရမ်းချောင် အခြေခံပညာမူလတန်းလွန်‌ကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

အသိပညာပေးဟောပြောရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မူးယစ်ဆေး၏အန္တရာယ်နှင့် ဆိုးကျိုးများ၊ မူးယစ်ကင်းစင်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ကျောင်းသူ‌ ကျောင်းသားများ ဗဟုသုတတိုးပွားရေးအတွက် ကျောင်းပြင်ပစာပေများ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးပြီး ကျောင်းသား ကျောင်းသူများအား စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ် ဖတ်ရှုစေကာ စာဖတ်စွမ်းရည်၊ ပုံပြင်ပြော၊ ကဗျာရွတ်ဆိုယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များ စသည့် ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)