ဆီဆိုင် ဇွန် ၁၂
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြိုနယ်၌ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များအတွက် ထောက်ပံ့ငွေများ ထပ်ဆင့်ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်များ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲဝင်များ ဦးဆောင်မှုဖြင့် ထောက်ပံ့ငွေကြီးကြပ်ထုတ်ပေးရေးအဖွဲ့တို့က အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် မြကန်သာရပ်ကွက်မှ ဒေသခံပြည်သူနေအိမ် (၁၅၈) လုံးနှင့် သီရိရပ်ကွက်မှ ဒေသခံပြည်သူနေအိမ် (၄၉) လုံးတို့အတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများသည် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် နေအိမ်များအား ပျက်စီးမှုရာခိုင်နှုန်းအလိုက် အဆင့်သုံးဆင့်ခွဲ၍ (၆၁) ရာခိုင်နှုန်းအထက် ပျက်စီးသွားသည့် နေအိမ်များအတွက် နေအိမ်တစ်လုံးလျှင် ကျပ် (၁၀) သိန်း နှုန်းဖြင့်လည်းကောင်း၊ (၃၁) ရာခိုင်နှုန်းမှ (၆၀) ရာခိုင်နှုန်း ပျက်စီးသွားသည့်နေအိမ်များအတွက် နေအိမ်တစ်လုံးလျှင် ကျပ် (၆၅၀၅၀၀) နှုန်းဖြင့်လည်းကောင်း၊ (၃၀) ရာခိုင်နှုန်း ပျက်စီးသွားသည့်နေအိမ်များအတွက် နေအိမ်တစ်လုံးလျှင် ကျပ် (၂၉၀၀၀၀) နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်သည်။ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ရပ်ကွက် (၆) ရပ်ကွက်နှင့် ကျေးရွာ (၄) ရွာတို့မှ ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ဒေသခံပြည်သူများ နေအိမ်စုစုပေါင်း (၇၀၆) လုံးရှိပြီး လက်ရှိတွင် မြကန်သာရပ်ကွက်နှင့် သီရိရပ်ကွက်တို့အား ထောက်ပံ့ပေးအပ်ခဲ့၍ ကျန်ရှိသော ထိခိုက်ပျက်စီးဆုံးရှုံးသွားသည့် ရပ်ကွက်/ကျေးရွာများကိုလည်း ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
နေမင်း(ဆီဆိုင်)