မြစ်ကြီးနား ဇွန် ၁၂
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကချင်ပြည်နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်စစ်ဆေးရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လှိုင်က အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ ပေါ်လာရခြင်း၏ အကြောင်းအရင်းများနှင့် ကလေးအလုပ်သမားပပျောက်ရေးများနှင့် မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား အသိပညာပေးဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ ပြည်နယ်စစ်ဆေးရေးမှူးက ပြန်လည်ရှင်းဖြေကြားခြင်းများ ဆောင်ရွက်ပြီး ကလေးအလုပ်သမားပပျောက်ရေး ပိုစတာများ အခမဲ့ဖြန်ဝေပေးခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်မှာ ‘‘ကလေးအလုပ်သမားအဆုံးသတ်ရေး ကျွန်ုပ်တို့၏ ကတိကဝတ်အတိုင်း ဆောင်ရွက်ကြစို့’’ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)