ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း Bill Board စိုက်ထူဖွင့်လှစ်ပေး၊ မိုင်းနားကျေးရွာ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့၊ ဧရာဝတီမြစ်ကမ်းပါးထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး

မြစ်ကြီးနား ဇွန် ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူ ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ လူအများစည်ကားရာ နေရာဖြစ်သည့် ဆွမ်ပရာဘွမ်လမ်းနှင့် ဆမားလမ်းဆုံ မီးပွိုင့်အနီး (ကျောက်စိမ်းတုံးအဝိုင်းအနီး)၌ ကျင်းပပြုလုပ်သည်။

အဆိုပါ Bill Board စိုက်ထူဖွင့်လှစ်ခြင်းအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး ကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြရာ ဘင်ခရာ၊ ပန်းပွားအဖွဲ့များက တီးမှုတ်ကြိုဆိုကြသည်။

ရှေးဦးစွာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန့်ဇင်ကိုကိုတို့က “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လှုံ့ဆော်ထားသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် ရည်ညွှန်းချိန်နှင့် အချိန်ကာလကို ဖော်ပြထားသည့် လူထုအသိပညာပေး Bill Board အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် လူထုအသိပညာပေး Bill Board အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Bill Board ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့များအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဝိုင်းမော်မြို့နယ်အတွင်းမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား လိုအပ်ချက်၊ အခက်အခဲများအပေါ် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် အိမ်ထောင်စုများအနေဖြင့်လည်း မိမိတို့နှင့်အတူ ဝိုင်းဝန်းပူးပေါင်း၍ အတူတကွဖြေရှင်းဆောင်ရွက်သွားကြရန်လိုကြောင်း အားပေးပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ လဘန်နှစ်ခြင်းအသင်းတော်ဝင်းအတွင်း ယာယီနေရပ်စွန့်ခွာသူများ နေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၁၆၂)စု၊ လူဦးရေ (၈၁၁)ဦး တို့အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငွေကျပ် ၁၂၁၅၀၀၀၀ တန်ဖိုးရှိ ဆန်အိတ်ပေါင်း (၁၆၂)အိတ်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ် ၂၅၉၂၀၀၀ တန်ဖိုးရှိ ခေါက်ဆွဲခြောက်ဖာ (၁၆၂)ဖာတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် နှစ်ခြင်းအသင်းတော်တာဝန်ရှိသူက အိမ်ထောင်စုများကိုယ်စား ယာယီခိုလှုံ နေထိုင်စားသောက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများ၊ နေအိမ်တည်ဆောက်ရာတွင် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က နေအိမ်တန်းလျားများ အမြန်ဆုံးတည်ဆောက်ပြီးစီးရေးအတွက်လိုအပ်သည့် ဝါး၊ သွပ်၊ သံ ဝယ်ယူနိုင်‌ရေး ငွေကျပ်သိန်း(၂၄၀)ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ညနေ (၄)နာရီခွဲကလည်း မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးမြေပြိုမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကမ်းနားတစ်လျှောက် သန့်ရှင်းသာယာလှပ လာစေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စည်ပင်သာယာဆိပ်ကမ်းအနီး မြစ်ကမ်းပါး၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်သစ်တောဦးစီးဌာနနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ လူမှုပရဟိတကူညီ‌ရေးအသင်းအဖွဲ့များက မြစ်ကမ်းပါထိန်းသိမ်းရေးအတွက် ဒေသနှင့်ကိုက်ညီသည့်် ရေမနေပျိုးပင်ပေါင်း (၁၁၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)