မြို့နယ်အတွက် ပထမဦးဆုံးပေါ်ထွန်းလာခဲ့သော ပန်းတစ်ပွင့်

“ပညာရဲရင့် ပွဲလည်တင့်” ဆိုသည့်စကားအတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာနမှ ပထမဦးဆုံးသော ခြောက်ဘာသာဂုဏ်ထူးရှင် ကျောင်းသူလေးတစ်ဦး ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။

ပညာရေးရည်မှန်းချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ကူညီပံ့ပိုးဆောင်ရွက်ပေးမှုနှင့် မြို့နယ်မှ တာဝန်ရှိလူကြီးမင်းများ၏ ကြိုးပမ်းအားထုတ်မှုတို့ကြောင့် ယနေ့ကျောင်းသား၊ ကျောင်းသူများ၏ ပညာ‌ရေးခရီးလမ်းသည် အခွင့်အလမ်းများစွာ ရရှိအကျိုးခံစားလာခဲ့ကြရသည်။

သို့အတွက်ကြောင့် ယခု ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာနမှ ပထမဦးဆုံး ခြောက်ဘာသာဂုဏ်ထူးရှင် ကျောင်းသူလေးတစ်ဦးဖြစ်သည့် “ဝ” တိုင်းရင်းသူလေးအား တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

မေး။   သမီးရဲ့အမည်လေးနဲ့ ကိုယ်ရေးအချက်အလက်လေး သိပါရစေ။

ဖြေ။    သမီးရဲ့အမည်က မနန်းလူပါရှင့်၊ အဖေနဲ့အမေကတော့ ဦးဆန်မလူနှင့်ဒေါ်အီကား ဖြစ်ပါတယ်ရှင့်၊

          သမီး အသက်က ၁၈ နှစ်ဖြစ်ပြီး မောင်နှမခြောက်ယောက်မှ သမီးကအကြီးဆုံးပါရှင့်။

မေး။   သမီးပညာရေးနဲ့ပတ်သက်ပြီး ဘယ်ကျောင်းတွေမှာနေခဲ့လည်း သိပါရစေ။

ဖြေ။    သမီးက မိသားစုနဲ့အတူ အမှတ်(၁၀)ရပ်ကွက်မှနေထိုင်ပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပြီး Grade-10 အရောက်မှာ အကယ်ဒမီကိုယ်ပိုင်ကျောင်းကို ပြောင်းရွှေ့ကာဆက်လက်ပညာသင်ကြားခဲ့ပါတယ်ရှင့်။

မေး။   ပညာရေးနဲ့ပတ်သက်ပြီး သမီးရဲ့မိဘတွေ၊ မောင်နှမတွေက ဘယ်လိုကူညီဆောင်ရွက်ပေးခဲ့လည်း။

ဖြေ။    သမီးရဲ့ မိဘတွေဖြစ်တဲ့ အဖေနဲ့အမေကတော့ သမီးရဲ့ဘဝပါ၊ ပညာရေးနဲ့ပတ်သက်ပြီး ငယ်ငယ်ထဲက

          ကျောင်းပို့ကျောင်းကြိုတာကစ အစစအရာရာလိုလေသေးမရှိ ဆောင်ရွက်ပေးခဲ့ပါတယ်ရှင့်။

          ငယ်ထဲက စာသင်ချိန်၊ စာကျက်ချိန်တွေကို စည်းကမ်းတကျသတ်မှတ်ဆောင်ရွက်ပေးခဲ့ပါတယ်ရှင့်။

မေး။   အခု သမီးအောင်မြင်ခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲအတွက်လည်း ဘယ်လိုပြင်ဆင်ဆောင်ရွက်ခဲ့တယ် ဆိုတာလည်း ရှင်းပြပေးပါ။

ဖြေ။    အဓိကကတော့ သမီးကငယ်စဉ်အခါထဲက ဆရာ၊ ဆရာမတွေရဲ့ သင်ကြားလေ့ကျင့်ပေးမှုတွေကို သေသေချာချာလေ့လာလေ့ကျင့် ကျက်မှတ်လေ့ရှိခဲ့ပါတယ်ရှင့်။

အခု တက္ကသိုလ်ဝင်စာမေးပွဲအတွက်လည်း စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားရှိပြီး ဒီ Grade-12 တန်း ငါအောင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ထားရှိကာ ကျန်းမာရေးကောင်းမွန်အောင်လုပ်တယ်၊ နေထိုင်ဖြစ်တယ်၊ ပြီးတော့ သမီး ကျောင်းစာတင် မကပါဘူး ပြင်ပက အသိပညာဗဟုသုတ ရရှိနိုင်တဲ့အရာတွေကိုလည်း လေ့လာမှတ်သားခဲ့ပါတယ်ရှင့်။

ကျောင်းစာအနေနဲ့ကတော့ ဆရာ၊ ဆရာမတွေ သင်ကြားပြသပေးတဲ့အချိန်တိုင်းမှာ သေသေချာချာလေ့လာမှတ်သားခဲ့ပြီး စာကျက်တဲ့အချိန်မှာလည်း ဦးနှောက်ထဲရောက်အောင် စွဲစွဲမြဲမြဲမှတ်သားခဲ့ပါတယ်ရှင့်၊ စာမေးပွဲဖြေဆိုတဲ့အခါမှာလည်း စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားရှိပြီး လွတ်လပ်စွာဖြေဆိုခဲ့ပါတယ်ရှင့်။

မေး။   သမီးကသိပ္ပံတွဲကနော်၊ ဘာသာရပ်တွေကို ဘယ်လိုလေ့လာခဲ့ရလည်း သိပါရစေ။

ဖြေ။    ဟုတ်ပါတယ်ရှင့်၊ ဘာသာရပ်တွေကို လေ့လာတဲ့အခါမှာ စာကြည့်တိုက်ကလည်း များစွာအထောက်အကူပြုခဲ့ပါတယ်ရှင့်၊ မြန်မာစာတို့ အင်္ဂလိပ်စာတို့ဆိုရင် သတ်ပုံသတ်ညွှန်းကစ စာကြည့်တိုက်က စာအုပ်တွေကို လေ့လာခဲ့ပါတယ်ရှင့်၊ သင်္ချာဘာသာရပ်ဆိုရင်လည်း အမှတ်ပေးစည်းမျဉ်းနဲ့ညီအောင် အဆင့်လိုက်အဆင့်လိုက် သေသေချာချာတွက်ချက်ခဲ့ရပါတယ်ရှင့်၊ ဓာတုဗေဒ၊ ရူပဗေဒနဲ့ ဇီဝဗေဒ ဘာသာတွေကိုလည်း တိတိကျကျလေ့လာမှတ်သားပြီး ဖြေဆိုခဲ့ပါတယ်ရှင့်။

မေး။   နောင်ဖြေဆိုမဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုရော ဘာတွေသိစေချင်ပါလည်း သိပါရစေ။

‌ဖြေ။    အဓိကကတော့ “အောင်ရမယ်” ဆိုတဲ့ ရည်မှန်းချက်ပေါ့၊

ကျန်းမာရေးကောင်းမွန်အောင် နေထိုင်စားသောက်လေ့ကျင့်ရမယ်၊ အသွေးအသားနဲ့တည်ဆောက်ထားတဲ့ ကိုယ်ခန္ဓာကျန်းမာနေမှ စိတ်ပိုင်းဆိုင်ရာဖြစ်တဲ့ မှတ်ဉာဏ်အားတွေကောင်းပြီး စာတွေကိုစိတ်အေးချမ်းစွာ လေ့လာသင်ယူနိုင်မှာဖြစ်တယ်ရှင့်၊ ဆရာဆရာမတွေ သင်ကြားပြသတဲ့အချိန်မှာ စနစ်တကျလေ့လာပြီး အချိန်ကိုအကျိုးရှိစွာအသုံးချပါ၊ ပြင်ပ ဗဟုသုတတွေကို လေ့လာဖို့လည်း လိုအပ်တယ်လို့ မှာချင်ပါတယ်ရှင့်။

အခုလိုဖြေကြားပေးလို့ ကျေးဇူးပါသမီး။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့်။

ယခု တန့်ယန်းစာဖြေဌာနမှ ပထမဦးဆုံးသော ခြောက်ဘာသာ ဂုဏ်ထူးရှင်လေး မနန်းလူသည် အတန်းတိုင်းတွင် ဆုရရှိခဲ့သည့်အပြင် ပဉ္စမတန်းမှစ၍ စာစီစာကုံးပြိုင်ပွဲများနှင့် အားကစားပြိုင်ပွဲများလည်း ဆုရရှိခဲ့ပြီး အကယ်ဒမီကိုယ်ပိုင်ကျောင်းတွင် အမျိုးသမီးကျောင်းကောင်စီ အတွင်းရေးမှူးဖြစ်၍ ကျောင်းလုပ်ငန်းများလည်း တက်ကြွစွာဆောင်ရွက်တတ်၍ အားကိုးရသောကျောင်းသူဖြစ်သည်ဟု သိခွင့်ရခဲ့သည်။

ယင်းအပြင် မနန်းလူသည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် နှစ်ထပ်ကွမ်းလူရည်ချွန်လည်း ဖြစ်ခဲ့သည်။

သို့အတွက်ကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအနေဖြင့် အတုယူလေ့လာသင်ယူတတ်နိုင်စေရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို အောင်အောင်မြင်မြင် ဖြေဆိုနိုင်ကြစေရန်အတွက် တွေ့ဆုံမေးမြန်းရေးသားတင်ပြလိုက်ရခြင်းဖြစ်ပေသည်။

မင်းမင်း(တန့်ယန်း)