တာမွေမြို့နယ်၌ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တာမွေ  ဇွန်  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က အဆိုပါအသင်းရုံး မေတ္တာစံအိမ်ခန်းမ၌ မူးယစ်ဆေးဖြတ်ပြီးသူများအား စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး သစ်‌တောနှင့်စွမ်းအင်ဝန်ကြီး (ငြိမ်း) (ပထမအကြိမ်-ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့) ဒေါက်တာကျော်စိုးက မူးယစ်ဆေးဖြတ်ပြီးသူများအား စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းနှင့် ပတ်သက်၍ “ကျွတ်ချိန် တန်လျှင် ကျွတ်ရမည်” ခေါင်းစဉ်ဖြင့် အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မူးယစ်ဆေးဖြတ် သင်တန်းသားများက စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရာတွင် လိုက်နာကျင့်ကြံနေထိုင်ရမည့် အပြုအမူများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တိုင်းဒေသကြီး သစ်‌တောနှင့်စွမ်းအင်ဝန်ကြီး (ငြိမ်း) ဒေါက်တာ ကျော်စိုးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန လက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ လေ့ကျင့်မွေးထုတ်ထားသော စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးများနှင့် ဖွဲ့စည်းထားသည့် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အဆိုပါအသင်း အနေဖြင့် မေတ္တာစံအိမ်မှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ဖွံဖြိုးတိုးတက်မှု ရရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို စဉ်ဆတ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်းအောင်(ပြန်/ဆက်)