မိုင်းစံ ဇွန် ၁၂
အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည် ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဉီးစီးမှူး ဒေါ်ဥမ္မာထွေးက ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ ကျောင်းပညာရေးတွင်သာမက ဘက်စုံထူးချွန်သော ကျောင်းသား/ သူများ ဖြစ်ထွန်းလာစေရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတ စာအုပ်၊ စာစောင်များကို ဖတ်ရှုလေ့လာသင့်ကြောင်းပြောကြားပြီး "လူငယ်နှင့် ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းစံ (ပြန်/ဆက်)