မလှိုင်မြို့၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော မန်ကျည်းပျိုးပင်(၈၀၀၀)အား ကျေးရွာများသို့ ပြန်လည်ဖြန့်ဝေပေး

မလှိုင် ဇွန် ၁၂ 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော မန်ကျည်းပျိုးပင်(၈၀၀၀)အား မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈) အုပ်စုသို့  စိုက်ပျိုးနိုင်ရန် ယမန်နေ့နံနက်(၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါနေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် မန်ကျည်းပျိုးပင် (၈၀၀၀)အား မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၈)အုပ်စု၊ ကျေးရွာပေါင်း(၃၂)ရွာရှိ အိမ်ခြေ(၄၀၀၀)တို့အား ပြန်လည် စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများနှင့် ရွာခွဲတာဝန်ခံများအား ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မန်ကျည်းပင်များကို (၁)အိမ်လျှင် (၂)ပင်နှုန်း  စိုက်ပျိုးသွားကြရမှာဖြစ်ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပျိုးပင်များ လာရောက်ထုတ်ယူသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများနှင့် ရွာခွဲ တာဝန်ခံများအား တွေ့ဆုံ၍ အပင်များရှင်သန်ကြီးထွား အောင်ကြပ်မတ်ဆောင်ရွက်သွားကြရန်၊ မန်ကျည်းပင်သည် မိမိတို့ဒေသ ရာသီဥတုနှင့်ကိုက်ညီပြီး အပင်ဖြစ်ထွန်းမြန်သဖြင့် စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ ထို့အပြင် မန်ကျည်းရွက်များကို  လက်ဖက်နှင့်ရော၍စပ်ချဉ်လုပ်ငန်းများ စီးပွားရေးအရ တစ်ပိုင်တစ်နိုင် လုပ်ကိုင်နိုင်သဖြင့်  ဒေသခံပြည်သူ့တို့၏ အပိုဝင်ငွေရရှိအောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးရာရောက်ကြောင်း၊ မန်ကျည်းရွက်မြေဆွေးသည် သဘာဝမြေသြဇာအဖြစ် အသုံးပြု နိုင်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း များစွာအထောက်အကူပြုသဖြင့်  မန်ကျည်းပင်များ ရွေးချယ်စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊  သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ရာသီဥတုကို မျှတစေပြီး အပူဒဏ်ကို ကာကွယ်နိုင်ကြောင်းစသည့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ နားလည်အောင် ရှင်းလင်းပြောကြားပြီး အပင်များရှင်သန်အောင် အလေးထားပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)