ချမ်းအေးသာစံ ဇွန် ၁၂
မန္တလေးတိုင်းဒေကြီးအတွင်း ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ရပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ချမ်းအေးသာစံမြို့နယ်လမ်း ၃၀၊ ၆၃ လမ်းထောင့်ရှိ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ရပ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မန္တလေးတိုင်းဒေကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး လုပ်ငန်းကော်မတီ(၈)ရပ်၏ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ခု၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းကော်မတီများဖြစ်သည့် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာ လုပ်ငန်းကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်စေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်ကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီတို့မှ ကော်မတီအတွင်းရေးမှူးများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ကလေးအလုပ်သမားပပျောက်ရေးလုပ်ငန်းကော်မတီများမှ ကော်မတီအဖွဲ့ဝင်များက ဆွေးနွေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဆွေးနွေးချက်များအပေါ် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များကို ဖြည့်စွတ်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်