ကျောက်ဆည် ဇွန် ၁၂
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက ကျောင်းသား/ကျောင်းသူများသည် စွမ်းရည်ကိုယ်စီ ရှိကြသည်များဖြစ်ရာ အရည်အသွေးရှိသော စာများဖတ်ရှုလေ့လာမှတ်သား၍ သိရှိထားသည့် ပညာရပ်များနှင့် စည်းကမ်းများကို ကိုယ်တိုင်လိုက်နာ၊ ကိုယ်တိုင်ကျင့်သုံး၍ လက်တွေ့တွင် ပတ်ဝန်းကျင်ကိုအကျိုးပြုသော လူတော်၊ လူကောင်းများဖြစ်စေရန် တစ်ဦးတစ်ယောက်ချင်းမှသည် အားလုံးဝိုင်းဝန်းကြိုးစားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ် ကျောင်းသားလူငယ်များ ဘက်ပေါင်းစုံထူးချွန်ထက်မြက်စေရန်၊ အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေဗဟု သုတများရရှိပြီး လူငယ်အချင်းချင်း အသိပညာများ ဖလှယ်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း Grade-10 ကျောင်းသား/ကျောင်းသူဖြစ်သည့် မရှင်ငြိမ်းအေးက “ကလေးသူငယ်အခွင့်အရေးများ”၊ မောင်ထူးပြည့်သန့်က “သန့်ရှင်းသာယာတို့ကျောင်းတစ်ခွင်မှာ”၊ မောင်ဘုန်းမင်းသစ်က “လူငယ်နှင့်စည်းကမ်း”၊ မဖူးပြည့်စုံက “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”၊ မောင်ဖြိုးသူရထွန်းက “ရာသီဥတုဖောက်ပြန်မှုကို ပြန်လှန်ပြုပြင်ရေး” စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)