မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မက်မန်း ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတရရှိစေရန်နှင့် ကိုယ်တိုင်ဖတ်မှတ်၍ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်တတ်စေရန်၊ အစဉ်အလာကြီးမားသည့် စာပေများကို လူငယ်တိုင်းချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ အောင်သင်း၏ “လူငယ်ဇွဲနှင့် ဤပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် လူငယ်များ၏ အတွေးအခေါ်များ ရင့်ကျက်လာမည်ဖြစ်ကြောင်း၊ စာပေမှတစ်ဆင့်ဘဝ၏ တန်ဖိုးအနှစ်သာရများကို တွေ့မြင်လာမည်ဖြစ်ကြောင်း၊ စာအုပ်စာပေများမှတစ်ဆင့် ပတ်ဝန်းကျင်ကောင်းကျိုး၊ မိမိကောင်းကျိုးများကို ဖန်တီးကြသော လူငယ်များဖြစ်လာစေရန်အတွက် လစဉ်စာဖတ်ဝိုင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ဦးစွာ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူ လူငယ်များအဖွဲ့မှ မဖောလီက လူငယ်ဇွဲနှင့်ဤပညာ ဆောင်ပါးအားလည်းကောင်း၊ မအားလီက သူတို့သတ္တိ သူတို့ဇွဲဆောင်းပါးအားလည်းကောင်း၊ မနာစီမွှေးက လေးစားလောက်တဲ့လူငယ်တွေ ဆောင်းပါးအားလည်းကောင်း၊ မနန်းထက်ထက်လှိုင်က မြန်မာ့ကျောင်းဆရာဖြစ်ရတာ ဆောင်းပါးအားလည်းကောင်း၊ မအီလားက အမာရှောင်အပျော့တိုက် ဆောင်းပါးအားလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူ လူငယ်အဖွဲ့ဝင်(၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)