မြောက်ဥက္ကလာမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက () ရပ်ကွက်၊ သာသနာ့လင်းရောင်ခြည်ဓမ္မာရုံတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်း ဆောင်ရွက်ရာတွင် အသက် (၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာလဲ့ညိုဝင်းကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးစသည်တို့ကို ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းစသည့် လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)