နမ့်စန်(တ) ဇွန် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေရန် အခြေခံကျသော လုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၄)ရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော မြို့နယ်အဆင့်သန်းခေါင်စာရင်း လုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင် များက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သွားလာနေကြသော ပြည်သူများကို ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ (ရှမ်းနှင့် မြန်မာဘာသာ ၂ မျိုး) ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် သန်းခေါင်စာရင်းစတင် ကောက်ယူမည့်ရက်စွဲ၊ သန်းခေါင်စာရင်း ကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်စာရင်း ထည့်ကောက်ရမည့်သူများနှင့် ထည့်မကောက်ရမည့်သူများ၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်များနှင့် ပြည်သူများက ဖြေကြားရမည့် မေးခွန်းများ စသည်တို့ပါဝင်ပြီး ယနေ့တွင် လက်ကမ်းစာစောင် အစောင် (၄၀၀) ကို အခမဲ့ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)