ကျောက်တလုံးကြီးမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်တလုံးကြီး ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ကျောက်တလုံးကြီး အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက ကလေးအလုပ်သမား၏အဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားဆိုင်ရာတားမြစ်ချက်များ၊ အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်စသည်တို့ကို ဟောပြောပြီး ဝန်ထမ်းများက ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြသည်။

ကျောက်တလုံးကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ကျောင်းသား/ သူ လူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း