သီပေါမြို့ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

သီပေါ ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီက အမှတ်(၃) အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ရှင်လင်းပြောကြားခဲ့ပြီး စာဖတ်စွမ်းရည် မြင့်မားလာစေရန်ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အလှည့်ကျဖတ်ကြားစေခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက ရုပ်ပုံပြပုံပြောခြင်းများဆောင်ရွက်ပေးကာ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ လစဉ်သွားရောက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ပေါ်ပေါက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

ခင်လေး (ပြန်/ဆက်)