မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက သဲပုံစေတီဘုရားဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးတင်မြင့်ဦးက သန်း‌ခေါင်စာရင်းကောက်ယူရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦး‌ကောင်းမြတ်‌ကျော်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ ကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာမှ အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်များ ရရှိရန်၊ လွတ်လပ်ရေးရပြီး နောက်ပိုင်း ၁၉၇၃ ခုနှစ် ၁၉၈၃ ခုနှစ်တို့မှာ ကောက်ယူခဲ့ပြီးတော့ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် ကောက်ယူနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အတွက် ခိုင်လုံသော အခြေခံစာရင်းအင်း ကိန်းဂဏန်းများရရှိပြီး စီမံကိန်းများ ရေးဆွဲရာမှာ အသုံးပြုရန်အတွက် တိကျမှန်ကန်တဲ့ ခန့်မှန်းလူဦးရေစာရင်းများ တွက်ချက်ပေးနိုင်မှာ ဖြစ်သလိုသက်ဆိုင်ရာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ လိုအပ်တဲ့ ကိန်းဂဏန်းများ ရရှိတွက်ချက်နိုင်မည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း စသည်များပြောကြာကာ တက်ရောက်လာသူများက သိလိုမှုများမေးမြန်းရာ အကျယ်တဝင့် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲများကို  ယနေ့နံနက်ပိုင်းက သဲပုံစေတီဘုရားဝင်းအတွင်း၌ ကျင်းပနိုင်ခဲ့ပြီး အလားတူ ဇွန် (၁၀) ရက်နေ့က မဟာဝိဇကျောင်း၌ လည်းကောင်း၊ ဇွန် (၁၁) ရက်နေ့က အမှတ် (၁၃) အ.ထ.က ကျောင်း၌လည်းကောင်း အများပြည်သူများအား သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း