မိုင်းရှူးမြို့တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မိုင်းရှူး ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်မျိုးဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာမူလတန်း(ကြူလွိုင်)ကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က သစ်ပင်စိုက်ပျိုးပွဲပြုလုပ်ရခြင်း ရည်ရွယ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လှုပ်ရှားစစ်ဗျူဟာ(၁) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်မျိုးသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်တို့က သက်ဆိုင်ရာ တာဝန်ရှိသူများထံ စိန်ပန်းအနီ (၂၀၀)ပင်၊ စိန်ပန်းအပြာ (၂၀၀)ပင်နှင့် ရေသင်းဝင် (၅၀၀)ပင်၊ ကျွန်း (၁၀၀)ပင်၊ မယ်ဇလီ(၅၀၀)ပင် စုစုပေါင်း ပျိုးပင် (၁၅၀၀)ပင် ပေးအပ်ခဲ့သည်။

ယင်းနောက် သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အင်အား (၃၀၀)ဦးတို့က သစ်ပင်၊ ပျိုးပင်များစိုက်ပျိုးကြရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လှုပ်ရှားစစ်ဗျူဟာ(၁) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်မျိုးသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပျိုးပင်များ စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)