ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၄-ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပ

ကွမ်းခြံကုန်း ဇွန် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်ကျင်းစိမ်းလန်းစိုပြေရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် အပူချိန်လျော့ချစေရန် ရည်ရွယ်၍ ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ကမာပါကျေးရွာ၊ မြို့ရှောင်လမ်း လမ်းဘေးဝဲယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးထွန်းဝင်းနိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့် ခလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ  တက်ရောက်ကြကြောင်း သိရသည်။

ထို့နောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ပျိုးပင်များ ပေးအပ်ရာ တက်ရောက်လာသူများက မန်ဂျန်ရှား(၂၀၀)ပင် စိန်ပန်း(၂၀၀)ပင်နှင့် ပျဥ်းမ(၁၀၀) စုစုပေါင်း (၅၀၀) ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)