ကျောက်မဲမြို့၊ အ.လ.က(၄)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကျောက်မဲ ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က  ကျောက်မဲမြို့၊ အ.လ.က(၄)ကျောင်းတွင်  အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ကျောင်းသားကျောင်း ‌သူ ၃၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ဟောပြောပွဲတွင် သက်ဆိုင်ရာတာဝန်ခံကျောင်းအုပ်များက အဖွင့်အမှာစကားပြောကြားပြီး ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက "အသိအလိမ္မာတိုးဖို့ စာအုပ်စာပေဖတ်ကြစို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဒေါ်မော်မော်ဝင်းက အားကစားဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းများအတွက် အားကစားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် အေရိုးဗစ်အဖွဲ့နှင့် မြန်မာ့သိုင်းအဖွဲ့ဝင်များက အေရိုးဗစ်အက၊ မြန်မာ့သိုင်းကစားနည်းများကို လက်တွေ့သရုပ်ပြခဲ့ကြကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)