မိုင်းဖြတ်မြို့နယ်၌ တောင်သူများအား မိုးစပါးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မိုင်းဖြတ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲမှ တောင်သူများအား မိုးစပါးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးစပါးသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က နိုင်ငံတော်မှ တောင်သူများအား စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အထောက်အကူပြုစေရေးအတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ကျိုင်းတုံခရိုင်ဘဏ်ခွဲ)မှ ခရိုင်မန်နေဂျာဦးကျော်လွင်အောင်က ချေးငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ဧကအလိုက်ထုတ်ချေးပေးသည့် ချေးငွေနှုန်းထားများနှင့်  ပြန်လည်ပေးဆပ်ရမည့် ကာလများနှင့် စိုက်ပျိုးစရိတ်ချေးငွေအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ကျိုင်းတုံခရိုင်ဘဏ်ခွဲ)မှ ခရိုင်မန်နေဂျာ ဦးကျော်လွင်အောင်နှင့် ဝန်ထမ်းများက မိုင်းဖြတ်အုပ်စု၊ နမ့်ကုန်းအုပ်စု၊   ဟွေရှိုအုပ်စုအတွင်းရှိ တောင်သူ(၂၈)ဦးအား မိုးစပါးစိုက်ဧက တစ်ဧကလျှင်(၁၅၀၀၀၀)ကျပ်နှုန်းဖြင့် (၁၃၀)ဧကအတွက်  (၁၉၅)သိန်းကို တောင်သူများလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ပြီး အဆိုပါချေးငွေ၏ အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)