ပြင်ဦးလွင် ဇွန် ၁၂
လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းသည် နိုင်ငံတော်၏စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကိုရရှိရန် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ(၁၅)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက ပြင်ဦးလွင်မြို့ ဈေးလေးမီးပွိုင့်လမ်းဆုံတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝဏ္ဏစိုးအောင်နှင့် ပြင်ဦးလွင်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး နံရံကပ်ပိုစတာများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်သည်။ ဆက်လက်၍ ပြင်ဦးလွင်ခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြင်ဦးလွင်ခရိုင်ဦးစီးမှူး ဦးကျော်လွင်ဦးနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းတို့က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသော ပြင်ဦးလွင်ခရိုင် သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများစုပေါင်း၍ မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လူထုအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း နေရာငါးနေရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ဆောင်ရွက်မည်ဖြစ်ရာ ရပ်ကွက်ကြီး(၆)၊ စုပေါင်းရုံးရှေ့နှင့် ရပ်ကွက်ကြီး(၁ဝ)၊ ကားကြီးကွင်းတို့တွင် ယမန်နေ့ကစိုက်ထူခဲ့ပြီး ယနေ့တွင် ရပ်ကွက်ကြီး(၂)၊ ဈေးလေးမီးပွိုင့်တွင် စိုက်ထူခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍လည်း ရပ်ကွက်ကြီး(၅)၊ ကျောက်တောင်ဂိတ်နှင့် ဝက်ဝံကျေးရွာအုပ်စု X Ray ဂိတ်တို့တွင်လည်း စိုက်ထူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြင်ဦးလွင်ခရိုင်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။
ဖြူလူသစ်(ခရိုင်၊ ပြန်/ဆက်)
 
     
     
    