မော်လမြိုင် ဇွန် ၁၂
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၄ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အားကစားနှင့် ကာယပညာသိပ္ပံ(မော်လမြိုင်)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်နယ်ဘောလုံးဆပ်ကော်မတီဝင်များ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍတွေမှာသာမက အနာဂတ်တွင် နိုင်ငံ၏တာဝန်ကို တာဝန်ယူမည့် လူငယ်လူရွယ်များ ကောင်းမွန်သည့်အလေ့အကျင့်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစား အသိစိတ်ဓါတ် ပိုမိုသက်ဝင် ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး ကာယ၊ ဉာဏ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် မွန်ပြည်နယ်အတွင်း အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးနေခြင်းဖြစ်ကြောင်း၊ မွန်ပြည်နယ် (၁၀)မြို့နယ် အသက်(၂၅) နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ မြို့နယ်များမှ ဖူဆယ်အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိလာစေရန်ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ်ကိုယ်စားပြု ဖူဆယ်အသင်း အောင်မြင်မှုရရှိ စေရန် တို့ကို ရည်ရွယ်ပြီး ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့် ကောင်းမွန်တဲ့ အားကစား စိတ်ဓာတ်နဲ့ တရားမျှတစွာ ယှဉ်ပြိုင်ခြင်း၊ သန့်ရှင်းစွာကစားခြင်းတို့ဖြင့် လည်း အားကစားရဲ့အနှစ်သာရကို ပေါ်လွင်စေမှာဖြစ်ကြောင်း၊ မွန်ပြည်နယ်ဖူဆယ် အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် မျိုးဆက်သစ် အားကစား သမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး အထူးအာရုံစိုက်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ၊ ပြိုင်ပွဲဝင် အားကစားသမားများအနေနဲ့ ချမှတ်ထားတဲ့ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများကိုလိုက်နာလိုကြောင်း၊ ယခုပြိုင်ပွဲမှသည် ပြည်နယ် ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများ ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး အဖွင့်ပွဲစဉ်အဖြစ် သံဖြူဇရပ်မြို့နယ် ဖူဆယ်ဘောလုံးအသင်းနှင့် သထုံမြို့နယ် ဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား ဖူဆယ်ပြိုင်ပွဲကို ဇွန်လ ၁၁ရက်နေ့မှ ၁၅ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်