ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုင်းတုံ        ဇွန် ၁၂

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်  ၉ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံပညာရေးဒီကရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခိုင်ခိုင်ဝင်းက  အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ဥက္ကဋ္ဌ ဦးစိုင်းဆမ်တစ်နှင့် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့က မူးယစ်ဆေးဝါးသုံး စွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများအကြောင်း၊ မူးယစ်ဆေးဝါး ပြစ်မှုများ ကျူးလွန်ပါက ချမှတ်ခြင်းခံရမည့် ပြစ်ဒဏ်များအကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့်အချက်များနှင့် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆိုင်ရာအကြောင်းအရာများနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ အကြောင်းအရာများကို  ကျောင်းသား၊ ကျောင်းသူများအား  အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အလားတူ ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌  မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ အဖွဲ့ဝင် ဦးနေဝင်းက မူးယစ်ဆေးဝါးဆန့်ကျင်ရေး အသိပညာပေး‌ အကြောင်းအရာများကိုလည်းကောင်း၊  ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာအကြောင်းကို လည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျော်စိန်သန်း(ပြန်/ဆက်)