မိုင်းတုံမြို့‌၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးဆောင်ရွက်

မိုင်းတုံ ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်‌အုပ်ချုပ်‌ရေးမှူးများနှင့်ရပ်ကျေးစာရေးများ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုင်းတုံမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်  ရှင်းလင်းခြင်း၊ မြို့နယ်ရဲမှူးမြင့်အောင်က  ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းခြင်း၊ လူမှုကွန်ယက် စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်းများ စသည့် ရေးသားဖော်ပြချက်များမှာ လုပ်ကြံရေးသားသည့် သတင်းတု၊ သတင်းမှားများသာဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးလုပ်ငန်းများကို လှည့်ကင်း၊ ပတ်ကင်းများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု လုပ်ရပ်များအပေါ် ပြည်သူနှင့် ဆက်နွယ်ပါဝင်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲမှူးတို့က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(ပြန်/ဆက်)