မတ္တရာ ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအကြောင်း အသိပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနိုင်မှ သန်းခေါင်စာရင်းသမိုင်းကြောင်း၊ ကောက်ယူခဲ့ သောနှစ်များ၊ သန်းခေါင်စာရင်းအသုံးဝင်ပုံများ၊ သန်းခေါင်စာရင်းကောက်ယူရေး အစီအမံများ၊ စာရင်းစစ်စာရင်းကောက်များအဖြစ် တာဝန်ပေးရမည့်သူများ၊ စာရင်းကောက်ယူမှု၊ စာရင်းကောက်ယူမည့်နည်းလမ်းများ၊ စာရင်းကောက်ယူမည့်နေ့ရက်နှင့်ရည်ညွှန်းချိန်၊ သန်းခေါင်စာရင်းကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှုများအကြောင်း၊ စာရင်းစစ်စာရင်းကောက် သင်တန်းဖွင့်လှစ်မည့်အခြေအနေများနှင့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူပြီးစီးခဲ့သည့် သန်းခေါင်းစာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည်ရှင်းဖြေကြားခဲ့သည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအကြောင်း အသိပေးရှင်းလင်းခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များတက်ရောက် ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)
 
    