မော်လမြိုင် ဇွန် ၁၁
မွန်ပြည်နယ် (မော်လမြိုင်) သားဖွားသင်တန်းကျောင်း စတုတ္ထအကြိမ်မြောက် ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သားဖွားသင်တန်းကျောင်း မော်လမြိုင်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ယခုသင်တန်းကျောင်းကို နိုင်ငံတော်၏ကျန်းမာရေးဆိုင်ရာ မူဝါဒနဲ့အညီ ဒေသခံပြည်သူတို့၏ ရင်သွေးများဖြစ်သော လူငယ်များကို အသက်မွေးဝမ်းကြောင်းမှု အတတ်ပညာရပ်ဖြစ်သည့် သူနာပြုနှင့်သားဖွားအတတ်ပညာများ တတ်မြောက်စေ၍ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ မိမိတို့ဒေသရှိ ပြည်သူတို့၏ ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ပြီး သူနာပြုလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များပြားသည့်အတွက် မော်လမြိုင်မြို့၊ သားဖွားသင်တန်းကျောင်းအား (၂၀၁၈ - ၂၀၁၉)ပညာသင်နှစ်မှစ၍ ဖွင့်လှစ်ခဲ့ပြီး သူနာပြုသင်တန်းသား/ သူများ ကိုပညာသင်ကြားပေးလျက်ရှိကြောင်း သူနာပြုနယ်ပယ်ကို ဝါသနာအရရော၊ မိမိတို့တစ်ဦးချင်းစီရဲ့ ဘဝရည်မှန်းချက်ထားရှိမှုအရရော ဝင်ရောက်လာသူ မျိုးဆက်သစ် သူနာပြုသင်တန်းသား/ သင်တန်းသူများကို သူနာပြုများရဲ့ အဆောင်အယောင်ဖြစ်သော ဂျူတီကုတ်နှင့်ဦးဆောင်း အပ်နှင်းပြီး သူနာပြုတာဝန်ဝတ္တရားများကို ယနေ့မှစ၍ ထမ်းဆောင်နိုင်ပြီလို့ တာဝန်ပေးလိုက်ခြင်းဖြစ်တဲ့အတွက် လက်တွေ့လေ့လာရတဲ့ကာလတွေမှာ တာဝန်ကျရာကျန်းမာရေးဌာနတွေမှာ မိမိတို့သင်ယူတတ်မြောက်သည့် ပညာအဆင့်အလိုက် မကျန်းမာသူများကို မိမိတို့ကိုယ်တိုင်စောင့်ရှောက်ခွင့်ရကြပြီဖြစ်ကြောင်း သူနာပြုနဲ့သားဖွားပညာရေးကိုလည်း ဒီပလိုမာသင်တန်းမှသည် သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့လွန်သင်တန်းများ၊ သူနာပြုပါရဂူဘွဲ့လွန် သင်တန်းများကို ပြည်တွင်းရော ပြည်ပမှာပါ လေ့လာသင်ယူနိုင်ကြောင်း၊ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်း ခြင်းခံယူကြတဲ့ သင်တန်းသား/ သင်တန်းသူ (၃၉)ဦးတို့ဟာ “ ယနေ့လူငယ်၊ နောင်အနာဂတ်ဝယ် တိုင်းပြည်အင်အား” ဖြစ်သဖြင့် မိမိတို့ အသက်မွေးဝမ်းကျောင်းပညာရပ်ကို အဆင့်မြင့်ပညာရပ်များ တတ်မြောက်နိုင်သည်အထိ အဆင့်ဆင့်တက်လှမ်းနိုင်အောင် ကြိုးပမ်းအားထုတ်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် သူနာပြု-သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း သင်တန်းသား/ သူများအား တာဝန်ရှိသူများက အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့်အပ်နှင်းပြီး၊ သူနာပြုအတတ်ပညာလက်ဆင့်ကမ်းဆီမီးထွန်းညှိခဲ့သည်။ ဆက်လက်၍ အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့် အပ်နှင်းခြင်းခံရသည့် သင်တန်းသား/ သူများက သူနာပြုသစ္စာအဓိဌာန် ရွတ်ဆို၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က ဆုများရရှိကြသော သင်တန်းသား/ သူများအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ထိုနောက် အမျိုးသားကုတ်အင်္ကျီနှင့် ဦးဆောင်းချီးမြှင့် အပ်နှင်းခြင်းခံရသည့် သင်တန်းသား/ သူများက ဂရုဏာအလင်း သီချင်းဖြင့်လည်းကောင်း၊ “မင်္ဂလာပါ” တေးသီချင်းဖြင့်လည်းကောင်း၊ သီဆိုကပြဖျော်ဖြေတင်ဆက်ကာ တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပြီး သားဖွားသင်တန်းကျောင်း skill hall အတွင်းရှိ သားဖွားခန်း၊ ခွဲစိတ်ခန်း၊ ခွဲစိတ်ပြီးလူနာထားရှိနေရာ၊ မွေးကင်းစကလေးအထူးကြပ်မတ်ကုသခန်း၊ လက်တွေ့အခန်းများအား လှည့်လှည်ကြည့်ရူအားပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)
 
     
     
     
     
     
     
    