မော်လမြိုင် ဇွန် ၁၁
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ သင်တန်းသား/သူများက အားကစားသိပ္ပံညီနောင်များ သီချင်းဖြင့် သီဆို တေးသရုပ်ဖော်ကပြ ဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုပညာသင်နှစ် ဆိုလျှင် (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း အားကစားနှင့် ပညာရေးပေါင်းစပ်သင်တန်းကို သင်တန်းသား(၈၀၇)ဦး၊ သင်တန်းသူ(၇၄၈)ဦး၊ စုစုပေါင်း (၁၅၅၅)ဦး တက်ရောက်ခဲ့ကြောင်း၊ မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင်နှင့် လူငယ် လက်ရွေးစင် (၂၆)ဦး အဖွဲ့ချုပ်လက်ရွေးစင် (၅၆)ဦး၊ စုစုပေါင်း(၈၂)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ပြည်တွင်းအားကစားပြိုင်ပွဲတွေမှာလည်း ရွှေတံဆိပ် (၁၂၀)ခု၊ ငွေတံဆိပ် (၁၈၅)ခုနှင့် ကြေးတံဆိပ်(၂၆၃)ခု၊ စုစုပေါင်းဆုတံဆိပ် ပေါင်း (၅၆၈) ရရှိထားပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ကြမည့် သင်တန်းသားများအနေဖြင့်လည်း ကောင်းမွန်သည့် အစဉ်အလာရှိသည့် မိမိတို့ ကျောင်း၏ဂုဏ်၊ ပြည်နယ်၏ ဂုဏ်ကို ပိုမိုမြှင့်တင်နိုင်အောင် နည်းပြ ဆရာများ၏ လေ့ကျင့်သင်ကြားပေးမှုများအား ဇွဲ၊ လုံ့လ၊ ဝီရိယစိုက်ထုတ်ပြီး ကြိုးစားလေ့ကျင့် သင်ယူကြရန်၊ ပညာရည် ထူးချွန်ထက်မြက်သူများဖြစ်လာရန်အတွက် အားကစားနှင့်ပညာရေး ပေါင်းစပ်အထက်တန်းကျောင်းမှ ဆရာ/ဆရာမများရဲ့ သင်ကြားပေးမှုကို ကြိုးစားသင်ကြား နာယူကြရန်၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ထူးချွန်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများဖြစ်အောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က အားကစားနှင့်ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်)၊ ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ အားကစားနှင့် ပညာရေးပေါင်းစပ်လေ့ကျင့်ရေးသင်တန်းအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများအား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ် ဘောလုံးအဖွဲ့ချုပ်၊ မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအသင်းနှင့် အလှူရှင်များက အားကစားနှင့် ပညာရေးပေါင်းစပ် လေ့ကျင့်ရေးသင်တန်းအတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် သင်တန်းသား/သူများက မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမည် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)