တပ်ကုန်း ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဆရာစံရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းစာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်ဟန်ဇော်က “လူငယ်နှင့်လူကုန်ကူးမှုအန္တရာယ်”ခေါင်းစဉ်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာမ သင်းသင်းလှိုင် (သင်းသင်းလှိုင်-တပ်ကုန်း)က “လူငယ်နှင့်အချိန်၏တန်ဖိုး” ခေါင်းစဉ်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်တို့ဖြင့် ဟောပြောခဲ့သည်။
ထိုဟောပြောပွဲအပြီးတွင် အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ လူကုန်ကူးမှု အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်စိုးလွင်