ဇမ္ဗူသီရိ ဇွန် ၁၁
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတ ကြွယ်ဝစေရန်ရည်ရွယ်၍ နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ လူငယ်ရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်နှင့် လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာဆွေ၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးမင်းညွန့်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်ဆိုသည်မှာ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်မည့် မျိုးဆက်သစ်လူငယ်များဖြစ်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်၍ အသိဉာဏ်ပညာဖွံ့ဖြိုးသူများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးသွားရန်လိုကြောင်း၊ ကျောင်းသားလူငယ်များဟာ လူ့အသိုင်းအဝိုင်းတွင် အချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ အပြန်အလှန်လေးစားမှုတို့နှင့် နေထိုင်ပြောဆိုဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ်ပညာများနှင့် ကြိုးစားအားထုတ်သွားကြမည်ဆိုပါက ဘဝတွင် အောင်မြင်မှုများကို ရရှိနိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့၏ ပင်ကိုယ်အရည်အသွေးကို မြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ကြရန်၊ စာများများ ဖတ်ကြရန်နှင့် နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်သိက္ခာတရားကို တန်ဖိုးထားသည့်စိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ တီထွင်ဖန်တီးထိုးထွင်း ဆောင်ရွက်လိုစိတ်များရှိရန်လည်း လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွန်းက ကျင့်ဝတ်နှင့် စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဦးလွန်ထန်ဖွေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့သည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာနမှ ဗဟုသုတဉာဏ်စမ်းမေးမြန်းခြင်းအစီအစဉ်ကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မေးခွန်းဖြေဆိုနိုင်သူများအား ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လူငယ်ရေးရာနှင့် သက်ဆိုင်သည့် အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ လူငယ်ဆိုင်ရာအသိပညာပေး စာအုပ်/ စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)