ကျောက်ဖြူ ဇွန် ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အမှတ် (၃) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကျောင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနားအား ဆက်လက်ကျင်းပရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး (G-10) ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းကိုသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေမင်းသူက နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့ပူးပေါင်း၍ ခရိုင်အဆင့်မြို့ကြီးများတွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး ၊မွေးမြူရေး အထက်တန်းကျောင်းများကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ အဆိုပါကျောင်း၌ ၂၀၂၂-၂၀၂၃/ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တို့တွင် Grade -9 အောင်မြင်သူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Grade –10 အောင်မြင်သူများ၊ ကျဆုံးသူများနှင့် ရပ်နားထားသူများ လျောက်ထားတက်ရောက်နိုင် ပါကြောင်း၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အသီးသီးကို သင်ယူပြီး နိုင်ငံ စီးပွားတိုးတက်အောင် ကြိုးစားသင်ယူကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။ ယင်းနောက် ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန်းအေးက ကျောင်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၌ အမှာစကားပြောကြားပြီး အမှတ်(၃) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးလှချမ်းအောင်မှ ကျောင်းလုပ်ငန်းများအား အစီရင်ခံတင်ပြကာ ကျောင်းအကျိုးတော်ဆောင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး(G-10)ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းအားသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် စာသင်ခန်းများ၌ ကျောင်းသား၊ ကျောင်းသူများစာသင်ကြားနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကျောင်း၌ စက်မှုဘာသာရပ်အတွက် (၉၀) ဦး၊ စိုက်ပျိုးရေးဘာသာရပ်အတွက် (၃၀) ဦး၊ မွေးမြူရေးဘာသာရပ်အတွက် (၃၀) ဦး လက်ခံသင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းပြီးပါက အထူးအောင်၊ အဆင့်မီ၊ ရိုးရိုးအောင်အဖြစ်ရွေးချယ်ကာ စက်မှုဘာသာရပ်တွင် အထူးအောင်များကို (B E) ဘွဲ့၊ B . Teach ဘွဲ့၊ အဆင့်မီအတွက် AGTI Diploma အင်ဂျင်နီယာဘွဲ့၊ စိုက်ပျိုးရေးဘာသာရပ်တွင် အထူးအောင်များအား စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ အဆင့်မီများအတွက် စိုက်ပျိုးရေးပညာဒီပလိုမာဘွဲ့၊ မွေးမြူရေးဘာသာရပ်အတွက် အထူးအောင်များအား တိရစ္ဆာန်ဆေးပညာဘွဲ့၊ မွေးမြူရေးပညာဘွဲ့၊ အဆင့်မီများအတွက် မွေးမြူရေးပညာဒီပလိုမာဘွဲ့များ ပေးအပ်သွားမည်ဖြစ်ပြီး ဘာသာရပ်အသီးသီးရှိ ရိုးရိုးအောင်များအတွက် အောင်လက်မှတ်များပေးအပ်ပြီး လုပ်ငန်းခွင်လုပ်ကိုင်နိုင်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)