ပျဉ်းမနား ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ရွာသစ်ကျေးရွာနှင့် ကျွန်းကုန်းကျေးရွာတို့၌ ပျဉ်းမနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ဆေးထိုးပြီးနောက် ခေတ္တစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့သည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်/ကျေးရွာများရှိ အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) များ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရွာသစ်ကျေးရွာနှင့် ကျွန်းကုန်းကျေးရွာအတွင်းရှိ ပြည်သူ ၉၈ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပင်မုံန)