ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ

ဥတ္တရသီရိ ဇွန် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက မူးယစ်ဆေးသုံးစွဲခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များ၊  မူးယစ်ဆေးဝါးသုံးစွဲပါက ဖြစ်ပွားနိုင်သည့် ဆိုးကျိုးများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန်ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသားသူများက စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်း၊ ဦးစီးအရာရှိ ဒေါ်မြစန်းရီနှင့် စာရေးဆရာမတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ၊ စာအုပ်၊ စာစောင်များနှင့် နံရံကပ်ပြဘုတ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)