ကျိုက်ထို ဇွန် ၁၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လယ်ယာလုပ်တောင်သူများ အသုံးပြုနိုင်ရန် စပါးမျိုးစေ့ချ ကိရိယာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဗိုလ်က စပါးမျိုးစေ့ချကိရိယာအသုံးပြုခြင်းကြောင့် တောင်သူများ အချိန်ကုန်၊ ငွေကုန်၊လူပန်း သက်သာခြင်းနှင့်ပတ်သက်၍ ပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက မျိုးစေ့ချကိရိယာများအား ဖြန့်ဖြူးရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီးကျေးရွာအုပ်စုများရှိ စပါးစိုက်တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်၊ အဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်းနှင့် တာဝန်ရှိသူများက စပါးမျိုးစေ့ချကိရိယာများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။
အဆိုပါစပါးမျိုးစေ့ချ ကိရိယာမှာ (၈)တန်းသွားဖြစ်ပြီး တစ်ဧကလျှင်(၁၂)ပြည်မှ (၁၄)ပြည်ထိ စပါးမျိုးစေ့များကို ကြဲချနိုင်ကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)
 
     
    