စစ်တွေ ဇွန် ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းနှင့် နယ်နိမိတ်ပြင်ပတို့တွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်များမှ အခွန်ကောက်ခံရရှိမှုနှင့် တိုးချဲ့ကောက်ခံမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တိုင်းဒေသကြီး၊ ပြည်နယ်များတွင် စည်ပင်သာယာရေးဥပဒေများ အသီးသီးပေါ်ပေါက်ခဲ့ပြီး စည်ပင်သာယာရေးလုပ်ငန်း သဘောသဘာဝအရ ဒေသနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများကို အခြေခံ၍ စည်ပင်သာယာရေးဥဒေများကို ရေးဆွဲအတည်ပြုကာ လိုက်နာကျင့်သုံးလျက်ရှိသည်ကို တွေ့ရကြောင်း၊ စည်ပင်သာယာရေးဥပဒေကို ပြဋ္ဌာန်းရာတွင် တစ်နေရာနှင့်တစ်နေရာ ကွဲလွဲမှုများ အနည်းငယ်ရှိနိုင်သော်လည်း စည်ပင်သာယာရေးအဖွဲ့များ၏ အဓိကပင်မ လုပ်ငန်းတာဝန်များဖြစ်သည့် မြို့ပြလမ်း၊ တံတားတည်ဆောက်ရေး၊ မြို့ရေပေးရေး၊ သန့်ရှင်းရေး၊ မြို့သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ဈေးများ စနစ်တကျရှိစေရေး စသည့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် အားလုံးအတူတူဖြစ်ကြောင်း၊ ထို့အပြင် စည်ပင်သာယာရေး အဖွဲ့များသည် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်ပင်သာယာရေး ဥပဒေများနှင့်အညီ အခွန်၊ အခကောက်ခံရေးလုပ်ငန်းများကို ဆောင်ရွက်ကြရပြီး ရရှိလာသည့်ဝင်ငွေ များအပေါ် ဝန်ထမ်းများ၏ လစာစရိတ်အပါအဝင် မြို့စည်ပင်သာယာရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရသည့်အတွက် ဝင်ငွေများ ပြည့်ပြည့်ဝဝကောက်ခံရရှိရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုများကို အလေးထားဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် ပြည်နယ်အစိုးရအဖွဲ့ကလည်း နှစ်စဉ်ရန်ပုံငွေများကို ချထားပေးပြီး ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ကိုလည်း ယခင်နှစ်က မြို့အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ အဆိုပါ လုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ပိုမိုကောင်းမွန်သည့် စည်ပင်သာယာရေးလုပ်ငန်းများကိုလည်း ဆက်လက်ကြိုးစားပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းနှင့် ယခုအစည်းအဝေးတွင် မြို့ပြနှင့်ကျေးလက် စည်ပင်သာယာရေးလုပ်ငန်းနှင့် အခွန်၊ အကောက်များ ရရှိရေးဆိုင်ရာ နည်းလမ်းများကို ဥပဒေနှင့်အညီ စည်းကြပ်ကောက်ခံရရှိရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးက ရခိုင်ပြည်နယ် အစည်ပင်သာယာရေးအဖွဲ့ဥပဒေနှင့်အညီ အခွန်ကောက်ခံမှု အခြေအနေအား ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက အခွန်ကောက်ခံမှု တိုးတက်ရရှိနိုင်ရေး၊ မြို့သန့်ရှင်း သာယာရေး၊ ဈေးများ သန့်ရှင်မှုရှိစေရေးနှင့် ပြည်သူများအား ကောင်းမွန်သော ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို အကြံပြုဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)