မလှိုင် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းမှပို့ချချက်များကို ဂရုတစိုက်သင်ယူလေ့လာပြီး မိမိဘဝအတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအထောက်အကူဖြစ်စေရန် တတ်သိနားလည်သည် အထိ လေ့ကျင့်ဆောင်ရွက်ကြရန်၊ မိမိကျေးရွာမှာရှိတဲ့ လူငယ်တွေကိုလည်း ပညာရပ်များကို ပြန်လည်မျှဝေခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင် လက်တွဲခေါ်ဆောင်သွားရန် တိုက် တွန်းပြောကြားခဲ့သည်။
ထို့နောက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုက အသက်မွေးဝမ်းကြောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ် သက်၍ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက်သင်တန်းနည်းပြဆရာက သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးစိုးမင်းထက်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုတို့က သင်ထောက်ကူပစ္စည်းများကိုပေးအပ်ရာ သင်တန်းသားခေါင်းဆောင်တစ်ဦးမှ လက်ခံရယူခဲ့သည်။ အဆိုပါသင်တန်းကို (၁၁.၆.၂၀၂၄)ရက်နေ့မှ(၃၀.၆.၂၀၂၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျောက်တန်း၊ သဲကန်၊ သပြေပင်၊ သိမ်ကုန်း၊ ကုန်းတဲ စသည့်ကျေးရွာအုပ်စု များမှ သင်တန်းသား(၁၀)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ကျေးလက်နေပြည်သူများ တစ်ဖက်တစ်လမ်းမှမိသားစု ဝင်ငွေတိုးတက်စေရေး၊ ဒေသခံလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု သင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)
 
    