ကလောမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ ကျင်းပ

ကလော ဇွန် ၁၁     

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သခင်ကိုယ်မှိုင်းခန်းမ၌ ၂၀၂၄ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ရဲတပ်ဖွဲ့မှမြို့မရဲစခန်းမှူး ဒုတိယရဲမှူးကျော်ဇောနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းစန်းယဉ်တို့က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ လူမှုရေးဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးထိုးရသည့်အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးအန္တရာယ်များ၊ သုံးစွဲမိပါကစိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှု ရရှိလာမည့်ဆိုးကျိုးများအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)