တိုက်ကြီး ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ပြီး ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ၅-၆-၂၀၂၄ ရက်နေ့မှ ၁၀-၆-၂၀၂၄ ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ရာ ယမန်နေ့ ညနေ ၅ နာရီအချိန်တွင် ဒုတိယအကြိမ် မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို စျေးရပ်ကွက် မြို့လယ်လမ်း ပြည်လုံးချမ်းသာစေတီတော် သာသနာ့ဗိမ္မာန်တော်၌ ကျင်းပကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အမှူးပြု၍ မဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်သည့် သံဃာတော်အရှင်သူမြတ် ၂၄ ပါး ကြွရောက်ချီးမြှင့်တော်မူပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲအနုမောဒနာဂါထာကို လသာကုန်းသီတာရုံကျောင်းဆရာတော်က ရွတ်ဖတ်ပူဇော်သည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပြည်သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာ၀ံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ကြွရောက်တော်မူလာသော ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုက်ကြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမောင်မောင်လတ်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဝင် မင်းကျောင်းကြီး ကျောင်းတိုက်ဆရာတော်မှ ရေစက်ချအနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေးဝေပြီး လသာကုန်းသီတာရုံကျောင်းတိုက်ဆရာတော်မှ နတ်ဗြမ္မာများအား ပြန်လည်ပို့ဆောင်ပြီး ပဋ္ဌာန်းသိမ်းအောင်ပွဲအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ မဟာပဋ္ဌာန်းကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်အနားကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန် /ဆက်)