ကျိုက်မရော ဇွန် ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင် ပြသပွဲကိုယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)ကျိုက်မရော ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲ၌ အ.ထ.က ခွဲကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါက်တာ မိုးသန္တာထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ အနာဂတ် နိုင်ငံတော်ကိုဦးဆောင်မည့် သားကောင်းရတနာများ ပေါ်ထွန်းလာစေ ရန်နှင့်မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားစေရေးအတွက် ပညာပေးဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်သက်ဆိုင်သော နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး ပညာပေးနံရံကပ်စာစောင်များနှင့်၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေး အသိပညာပေးနံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ အ.ထ.က ခွဲကျောင်းမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)