ကျောက်ဆည်မြို့နယ်၊ အမှတ်(၈) အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အမှတ်(၈) အခြေခံပညာမူလတန်း ကျောင်းတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အသိပညာပေး ဟောပြောပွဲတွင် အမှတ်(၈) အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်း အုပ်ဆရာမကြီး ဒေါ်အေးဆွေက အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲလယ်တင့်၊ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ်ချိန်များတွင် စာပေများ လေ့လာဖတ်ရှုစေရေး အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာပေမြင့်မှလူမျိုးတင့်မည်၊ ပညာရွှေအိုးလူမခိုး၊ ပညာလိုအိုသည်မရှိနှင့် စာပေဖတ်ရှုခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း  အသိပညာပေး ဟောပြောခဲ့သည်။ 

အသိပညာပေး ဟောပြောပွဲအပြီးတွင် ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းများနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

 သက်မောင်(ပြန်/ဆက်)