လှည်းကူးမြို့နယ်တွင် ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

လှည်းကူး ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရန်ကုန်မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲနှင့်လက်သန့်ဆေးရည် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို လှည်းကူးမြို့နယ်၊ ဒါးပိန်တောင်ကျေးရွာအုပ်စု၊ ဒါးပိန်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်နိုင်၊ လှည်းကူးခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်းတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာမိသားစုဝင်ငွေများ တိုးပွားလာစေရန်ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ရာ ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်အောင်သင်ကြားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်းက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းဆိုင်ရာကို ပူးပေါင်းဆောင်သွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူများအား စီးပွားဖြစ် လူသုံးကုန်ထုတ်လုပ်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းကို ဇွန်လ(၁၀)ရက်နေ့မှ ဇွန်လ(၁၄)ရက်နေ့အထိ စာတွေ့/လက်တွေ့ (၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီးသင်တန်းသို့ ဒါးပိန်တောင်ကျေးရွာအုပ်စုနှင့် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသနေပြည်သူ (၂၀) ဦးတို့တက်ရောက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)