မြန်မာ့သစ်လုပ်ငန်းမှ ငလိုက်စခန်းသာ ဆင်စခန်းဝင်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇွန်  ၁၁

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်းတွင် မြန်မာ့သစ်လုပ်ငန်း၊ နေပြည်တော် သစ်ထုတ်ရေးဒေသမှပြုလုပ်သည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးထိန်လင်းအောင်က မြန်မာ့သစ်လုပ်ငန်းအနေဖြင့် သစ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းအပြင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်းကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်စိုက်ပျိုးလာခဲ့သည်မှာ ယနေ့အထိ (၇၁၀)ဧက၊ ၇၀၈၁၀၀ ပင် စိုက်ပျိုးဖြစ်ထွန်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်ကတည်းက သစ်ထုတ်လုပ်ပြီး သစ်ကွက်ဧရိယာများအတွင်း ကျွန်းသစ်မာမျိုးစုံ၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်း (Enricchment Planting–EP)ကိုလည်း သစ်ထုတ်လုပ်သည့်နှစ်များအလိုက် ပြန်လည်စိုက်ပျိုးခဲ့သည်မှာ စုစုပေါင်း ၁၅၅၇၃၂၇ ပင်စိုက်ပျိုးခဲ့ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဦးဆောင်ညွှန်ကြားရေးမှူးက တမလန်းပျိုးပင်အား စတင်စိုက်ပျိုးပေးကာ အထွေထွေမန်နေဂျာများနှင့် တက်ရောက်လာသူများက တမလန်း၊ မဟော်ဂနီ၊ ရေသင်းဝင်၊ မယ်ဇလီပင်များအား စိုက်ပျိုးကြသည်။ သစ်ပင်စိုက်ပျိုးနေမှုများအား ဦးဆောင်ညွှန်ကြားရေးမှူး ဦးထိန်လင်းအောင်မှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရကာ ပျိုးပင်ရေ (၅၇၀)ပင်တို့အား လူအင်အား ၁၃၀ ဦးဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဒီပါလင်း