ဝါသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ဝါကောက်ယူရာတွင် (Grade) ခွဲခြားကောက်ယူရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝါစိုက်တောင်သူများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ကျောက်ပန်းတောင်း ဇွန် ၁၁

ဝါသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဝါကောက်ယူရာတွင် Grade ခွဲခြားကောက်ယူရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဝါစိုက်ပျိုးသည့် တောင်သူများ၊ လုပ်ငန်းရှင်များ၊ မိတ်ဖက်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို၊ ယနေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ညောင်ဦးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်က ဝါပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဝါကောက်သိမ်းရာတွင် Grade ခွဲခြား ဝယ်ယူရေး လုပ်ငန်းစဉ်များနှင့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး၊ ဝါစိုက်တောင်သူများအနေဖြင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများ ဝယ်ယူခွင့်ရရှိနိုင်ရေး တောင်သူအစုအဖွဲ့များ စုဖွဲ့ထားရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်ရေး ပညာပေးဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးစီးဌာနမှ မျိုးတာဝန်ခံ၊ နည်းစနစ်တာဝန်ခံများနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က မိမိတို့ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး၊ ကျောက်ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထုတ်ချေးပေးသွားမည့် အခြေအနေများနှင့် တောင်သူများအနေဖြင့် ဆောင်ရွက်ထားရှိရမည့် အစီအစဉ်များ၊ ဝါစိုက်ပျိုးနည်းစနစ် မှန်ကန်ရေးနှင့် လိုအပ်သည့်မျိုး ရရှိရေးတို့ကို တင်ပြဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် တောင်သူများက မြေပြုပြင်ရာတွင် လိုအပ်သည့် သွင်းအားစုအခြေအနေများ၊ မျိုးကောင်း/မျိုးသန့် ရရှိနိုင်မည့် အခြေအနေများနှင့် ဈေးကွက်အခြေအနေများကို တင်ပြဆွေးနွေးကြရာ၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တို့က လိုအပ်သည်များကို ပြန်လည်ရှင်းလင်း ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် မိတ်ဖက်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး၊ ညောင်ဦး၊ ကျောက်ပန်းတောင်းမြို့နယ်များမှ ဝါစိုက်ပျိုးသည့် တောင်သူ (၂၅) ဦး၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့မှ ကွင်းတာဝန်ခံ ဝန်ထမ်းများ (၃၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)