ကျောက်တလုံးကြီး ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး (Abate) ခပ်ခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့တိုက်နယ်ဆေးရုံမှ ဒေါက်တာဥမ္မာဦး ဦးဆောင်၍ ပင်တွန်ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဆောင်းဖိုးကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးမှူးများနှင့် ဝန်ထမ်းများက မိုးရာသီကာလအတွင်း ခြင်၊ ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရန်၊ ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်အတွက် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရေတွင်း, ရေကန်များအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းဆောင်ရွက်ပြီး ရေကန်များအတွင်း အဘိတ်ဆေး (Abate) ခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် ကျန်ရှိနေသော ကျေးရွာအုပ်စုများတွင်လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဇော်နိုင်လင်း
