ဟိုပုံး ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနို့များနှင့် စားသောက်ကုန်ပစ္စ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချပေးရာတွင် ဟိုပုံးတပ်နယ်ကွပ်ကဲမှုအောက်ရှိ ကျောင်း၊ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများက နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဌာဆိုင်ရာဝန်ထမ်းများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်နှင့် သက်သာချောင်ချိရေးကိုရှေးရှု၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ဒေသအဆင့်ရုံးမှဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် ကြက်ဥ၊ နွားနို့၊ ဒိန်ချဉ်၊ ဝက်သား၊ စားသောက်ကုန်ပစ္စည်းများ၊ စက်ရုံထုတ်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါဖြန့်ဖြူးရောင်းချပေးနေမှုအား တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စောအောင်မျိုး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)
 
     
    