ခရီးစဉ်ဒေသတစ်ခုအဖြစ် ဖော်ဆောင်ထားသည့် ညောင်ဦးမြို့နယ် သက်စိုးတောင်ပေါ်က ထူးဆန်းသော ရှေးဟောင်းကျောက်ရေကန်

ညောင်ဦး မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူး လေ့လာရေးလာရောက်လည်ပတ်ရင်း ခရီးစဉ်ဒေသများ တဆက်တစပ်တည်း သွားရောက်လည်ပတ်နိုင်ရန် ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) က ခရီးစဉ်ခုနှစ်ခုရေးဆွဲပြီး ခရီးသွားပြည်သူများ စိတ်ဝင်စားစွာသွားရောက် လည်ပတ်နိုင်ရန် ဖော်ဆောင်ထားရှိကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်များတွင် ရပ်ရွာအခြေပြုခရီးစဉ်များနှင့်ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်၊ သဘာဝအလှအပများ မပျက်မစီးခံစားကြည့်ရှု လေ့လာနိုင်ရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ မြတ်နိုးတန်ဖိုးထားထိန်းသိမ်းတတ်စေရန်ရည်ရွယ်ပြီး ခရီးစဉ်ဒေသများ ဖော်ဆောင်ကာ ပြည်တွင်းပြည်ပခရီးသွားများ မြန်မာ့တောတောင်ရေမြေ သဘာဝအလှအပများနှင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ တန်ဖိုးထားထိန်းသိမ်းကြစေရန် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)က ခရီးစဉ်ခုနှစ်ခု အကောင်အထည်ဖော် ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ခုနှစ်ခုထဲမှ သက်စိုးတောင်ပေါ်ရှိ ထူးဆန်းသော ကျောက်ရေကန် လည်းပါဝင်သည်။ ထိုကျောက်ရေကန်သည် ညောင်ဦးမြို့မှ တုရင်တောင်သို့  (၁) မိုင် (၇) ဖာလုံ ကွာဝေးပြီး တုရင်တောင်ပေါ် ဘုန်းတော်ကြီးကျောင်းရှေ့မှစတင်ပြီး သက်စိုးတောင်ပေါ်သို့ သုံးဆယ်မိနစ်ခန့်တက်ရောက်ရပြီး တောင်တက်၍ ကျောက်ရေကန်လေ့လာရမည့် ခရီးစဉ်တစ်ခုဖြစ်ပြီး လမ်းခရီးတွင် ကျောက်ဖျာပေါ် အတိုင်းသွားရောက်ရမည်ဖြစ်ကာ၊ အညာဒေသပေါက်ပင်များဖြစ်သည့် သမုန်း၊ ထနောင်း၊ ရှား၊ ဒဟတ်၊ သန်း၊ တမာပင်များကို တွေ့ရှိရမည်ဖြစ်ပြီး ဒေသတွင်းကျက်စားရှင်သန်နေသည့် ချိုးငှက်၊ ငှက်ခါး၊ ငှက်မင်း ခေါ် လင်းမြီးဆွဲ၊ ရေသူကြီး၊ ဒညင်း၊ ဘီလုံးငှက်နှင့်ချိုးလင်းငှက်များ တခါတရံတွေ့ရှိခံစားတက်ရင်း ကျောက်ရေကန်သို့ ရောက်ရှိပေမည်။

ကျောက်ရေကန်သည်  ကျောက်စိုင်နံရံ၊ ကျောက်စိုင်ကြမ်းပြင်တို့ဖြင့် တွေ့ရှိရမည်ဖြစ်ကာ အလျား ၈၀ ပေ၊ အနံ ၈၀ ပေ၊ အနက် ၃၀ ပေခန့်ရှိပြီး၊ ကျောက်တောင်ထိပ်တွင် ကျောက်တောင်ကို ထွင်းထုထားသည်ကို မည်သည့်ခေတ်အခါက ပြုလုပ်ထားသည်ကို ပညာရှင်များယနေ့တိုင် အဖြေရှာနေဆဲဖြစ်ပြီး အဆိုပါကျောက်ရေကန်အတွင်းကို ဆင်းနိုင်ရန် ကျောက်သားနံရံကိုထွင်းပြီး လှေကားထစ်များ အတိုင်းဆင်းသွားရမည်ဖြစ်သည်။ ကျောက်ရေကန် အတွင်းလေ့လာစရာတွေအများအပြားရှိနေပြီး ရေကန်တည်နေပုံ တည်ဆောက်ထားပုံမှာ အရှေ့အနောက် တောင်မြောက်တန်းတန်း မကျပဲတည်ရှိနေသည်ကို လည်းလေ့လာတွေ့ရှိနိုင်ပေသည်။ ကျောက်ရေကန်၏ အနောက်တောင်နံရံတွင် စင်္ကြာပုံ (QR Code) ပုံစံတစ်ခုတွေ့ရှိရမည် ဖြစ်ကာအတွင်းတွင် ဝင်္ကဘာပုံစံထွင်းထုထားသည်ကို လေ့လာတွေ့ရှိနိုင်သည်။ စင်္ကြာပုံနှင့်ကပ်လျက် နဂါးရုပ်၊ ဟင်္သာငှက်ရုပ်ပုံတို့အား လေ့လာနိုင်မည်ဖြစ်သည်။ကျောက်ရေကန် ပတ်လည်တွင် နှစ်သက်တမ်းကြာမြင့်ပြီဖြစ်သော မန်ကျည်းပင်များ ပေါက်ရောက်နေပြီး အရိပ်အာဝါသကောင်းကောင်းဖြင့် ကျောက်ရေကန်ဘေး မန်ကျည်းပင်အောက် နားနေနိုင်သည်။ ကျောက်ရေကန်၏ တောင်ဘက်တွင် မြကန်ရေလှောင်တမံ၊ အနောက်တောင်ဘက်တွင် ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံပြည်၏ ရှေးဟောင်းစေတီ၊ ပုထိုး၊ ဘုရား၊ သာသနိက အဆောက်အအုံများလေ့လာနိုင်ပြီး၊ ထူးဆန်းသော ကျောက်ရေကန် ခရီးစဉ်သည် ပြည်တွင်းပြည်ပခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်ပေတော့မည်။

ဒီပါလင်း