လားရှိုးမြို့နယ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အစားအစာများနှင့် အဝတ်အထည်များလှူဒါန်း

လားရှိုး ဇွန် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် ဖွင့်လှစ်လျက်ရှိသည့် ကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ မြို့နယ်ပညာရေးမှူးနှင့် စေတနာရှင် အလှူရှင်များက သွားရောက်ကာ လိုအပ်သည်များကို ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းနှင့်စေတနာရှင် အလှူရှင်များက ယမန်နေ့နံနက်ပိုင်းတွင် လားရှိုးမြို့နယ် ကုန်းပေါင်းကျေးရွာ၊ နားယကျေးရွာ၊ ကုံးမုံကျေးရွာ၊ နားမတ်ကျေးရွာများရှိ အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ကာ လိုအပ်လျက်ရှိသည့် ကျောင်းသုံးစာရေးကိရိယာများ ၊ အဝတ်အထည်များ၊ မုန့်များ၊ ထီးနှင့် ခေါက်ဆွဲခြောက်များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁၄) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀) ကျောင်း၊ အလယ်တန်းကျောင်း (၃) ကျောင်း ၊ အလယ်တန်းကျောင်းခွဲ (၂၄) ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၉) ကျောင်း၊ မူလတန်းကျောင်း (၇၉) ကျောင်း၊ မူလတန်းကျောင်းခွဲ (၃၇) ကျောင်း စုစုပေါင်း (၂၁၆) ကျောင်းရှိကြောင်း သိရသည်။ 

စိုင်းထွန်း (ပြန်/ဆက်)