မိုင်းရှူး ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ် ပူဇော်ပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်က မြို့လယ်ဟံသာမုနိဘုရားကြီးကျောင်းတိုက်၌ ကျင်းပသည်။
ဥပ္ပါတသန္တိကျမ်းမြတ်ပူဇော်ပွဲကျင်းပရာတွင် ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်သည်။ ထို့နောက် ဥပ္ပါတသန္တိကျမ်းမြတ်နာကြားရန် နတ်၊ ဗြဟ္မာများ ပင့်ဖိတ်ကာ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသော ပရိတ်တရားတော်များ နာကြားကြသည်။ ယင်းနောက် ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရား နာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေးခဲ့သည်။
ဆက်လက်၍ ဥပ္ပါတသန္တိကျမ်းကို အလှည့်ကျ ဆရာတော်မှ စတင်ရွတ်ဖတ်ပူဇော်ကြသည်။ အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ်ပူဇော်ပွဲကို သံဃာတော် (၃၅) ပါးမှ ဇွန်လ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။
အဆိုပါ ရွတ်ဖတ်ပူဇော်ပွဲကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လှုပ်ရှားစစ်ဗျူဟာ(၁) ယာယီနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်မျိုးသန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဂေါပကအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)
 
     
    